ပအိုဝ်းတိုင်းရင်းသားများ
ပထမဦးဆုံး အသုံးပြုခဲ့သော အလံမှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ်
ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး အလံဖြစ်သည်။ ၎င်းအလံသည် အလျား
(၉)ပေ၊ အနံ (၅)ပေ ရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏
အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။
အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်းဘက်သို့ မျက်နှာမူထားသော
ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏ အဓိပ္ပာယ်မှာ
နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက် ရွှင်လန်းခြင်းနှင့်
အေးချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊
ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို
ဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အား ကြီးမား၍ လျင်မြန်သွက်လက်
ပေါ့ပါးစွာလှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး
အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်
အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေး ရရှိရန် အပူတပြင်း
ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်၊ ပထမ ပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင်
ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန်
တောင်တန်းဒေသ တိုင်းရင်းသားများနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ရှမ်းပြည်နယ်
ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။
၁၉၄၆-ခုနှစ်တွင် တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့်
ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။
၁၉၄၇-ခုနှစ်တွင် ပအိုဝ်း အမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ;ဥက္ကဋ္ဌ
အဖြစ် ဦးဘိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အား
လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား ကိုယ်စားပြု
ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊
အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတွင်
အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏ အလယ်တွင်
ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။
၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် (ပအမဖ)ကို အမည်ပြောင်း၍
အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)၏
ဥက္ကဋ္ဌ ဗိုလ်ဟိန်မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်
ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ခဲ့ကြသည်။
၁၉၅၀-ပြည့်နှစ်မှစ၍
ပြည်ထောင်စုအမျိုးသား အဖွဲ့ချုပ် (ပအမဖ) အမှုဆောင်များနှင့်
ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်
အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ)
ဖွဲ့စည့်းပုံ အခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါ
ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း (၈)ခန်းနှင့်
နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာ အလျား
(၉)ပေ၊ အနံ (၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက် (၂ပေ ၊၆လက်မ) အောက်ခံသည်
အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊
အနံ (၂ပေ ၊ ၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊
၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း (၁၈)လက်မ
ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက် ဖြစ်သည်ဟူ၍
ဖော်ပြပါရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့်
အရောင်များ၏ အနက်အဓိပ္ပာယ် ဖော်ညွန်းချက်များမှာ ကြယ်၏ အဓိပ္ပာယ်မှာ
ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို မစွန့်၊
ခရီးစဉ်အတိုင်း ရှေ့သို့သာ ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊
ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့်
အလင်းရောင်ရှိခြင်း စသည့် အရည်အသွေးများ ရှိသည့်အပြင် ပအိုဝ်မျိုးနွယ်စု
အားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်းသောကြယ်ကို သတ်မှတ်ရခြင်းဖြစ်သည်။
အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊
ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊
ပြတ်သားခြင်း၊ သွက်လတ်ဖျတ်လတ်ခြင်း အဓိပ္ပာယ်ဆောင်သည်။ အပြာရင့်ရောင်သည်
အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပာယ်ဆောင်သည်။
အလံ၏အရွယ်များမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ
ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ
(၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ညီလာခံမှ အတည်ပြုကြောင်း
ဆုံးဖြတ်ခဲ့ပါသည်။


Time in Rangoon
0 opmerkings:
Plaas 'n opmerking